လွတ်မသွားဖို့ အရေးကြီးတယ်


Racing Drone တွေမှာ အဓိကကျတဲ့ အစိတ်အပိုင်းတွေထဲမှာ Radio နဲ့ Drone ကို ချိတ်ဆက်ထားတဲ့ စနစ်ရယ်၊ FPV ရယ်က လွတ်မသွားဖို့၊ ပြတ်တောက် မသွားဖို့ အရေးကြီးပါတယ်။

ကျနော်တို့တတွေ နီးနီးနားနားမှာ ပတ်ပျံနေပေမယ့် Long Range module တွေ တပ်တယ်။ FPV စနစ်ကို ပိုမိုကောင်းမွန်အောင် upgrade အဆင့်ဆင့် လုပ်ကြပါတယ်။

ဘာလို့လဲဆိုတော့ Racing Drone မောင်းနေတဲ့ Pilot တွေဟာ FPV goggles တမျိုးမျိုးကို တပ်ထားတာ ဖြစ်တဲ့အတွက် အဲဒီ ၂ ခုထဲက တစ်ခုခုသာ ပြတ်တောက် သွားမယ်ဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ Drone ဟာ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်း သိလိုက်မှာ မဟုတ်ပါဘူး။ အမြင့်ကြီးက ပြုတ်ကျရင်လည်း ပြုတ်ကျမယ်။ ရေမြောင်းထဲ ရောက်ရင်လည်း ရောက်နေမယ်။ သစ်ပင်နဲ့ ချိတ်ရင်လည်း ချိတ်မိနေပါလိမ့်မယ်။

တခါတလေ ပြန်တောင် ရှာလို့ မရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဟာ First Person View ရဖို့အတွက် FPV မောင်းတဲ့ မျက်မှန်တခုခု ကို တပ်လျက် မောင်းနှင်နေရတာကြောင့်မို့ပါ။ ဘာကိုမှ မြင်လိုက်ရမှာ မဟုတ်ပါဘူး။

သာမန် Fixed Wing မောင်းနေလို့ Range လွတ်သွားမယ်ဆိုရင်တောင် ပျက်မကျခင် Glide လုပ်ပြီး ဝဲဆင်းလာရင် ဆင်းလာနေဦးမှာပါ။ အရှိန်ပြင်းပြင်းနဲ့ မောင်းနေတဲ့ Racing Drone တွေကတော့ ဖုတ်ကနဲ နေမှာပါပဲ။

FPV လွတ်သွားရင်လည်း ဆင်ကန်းတောတိုးတာကမှ သာပါဦးမယ်။ မျက်ကန်း Drone မောင်းတာက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိပဲ ပြုတ်ကျတဲ့ နေရာလေးတောင် မှတ်မထားမိလို့ ဘယ်နားလိုက်ကောက်ရမှန်းမသိ ဖြစ်ပြီး ပျောက်ဆုံး ပျက်စီးနိုင်ပါတယ်။

အဲဒီအတွက် ဈေးကြီးသော်ငြားလည်း Long Range Module တွေ တပ်ပျံကြရတာပါ။ FPV အတွက်လည်း ကင်မရာတွေ Video Transmitter/Receiver နဲ့ Antenna တွေ ကောင်းတာတွေ ရွေချယ် တပ်ကြရတာပါပဲဗျာ။

အဲဒါတောင် တခါတလေ လွတ်သွားတတ်ပါသေးတယ်ဗျာ။

Flysky i6 တို့ Eachine တို့နဲ့လည်းရပါတယ်ဗျာ လို့ လာမငြင်းပါနဲ့ဗျာ။ ရပါတယ်။ ၁၀ ခါပြန်တောင် ရပါတယ်။ ဒါပေမယ့် လွတ်သွားရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲဗျာ။
Previous
Next Post »